နှစ်စဉ်နှစ်တိုင်း အမေရိကန်မှာ ကွန်ပျူတာရာဇ၀တ်မှုတွေက စာရင်းခန့်မှန်းခြေအရ အဖွဲ့အစည်းတွေနဲ့ သီးခြားပြည်သူတွေကို ဒေါ်လာ ၃ ဘီလီယံကနေ ၅ ဘီလီယံအထိ ကုန်ကျစေခဲ့တယ်။ နည်းပညာမြင့် ပစ္စည်းတွေနဲ့ပက်သက်ပြီး အချို့အမှုတွေက ပြဋ္ဌာန်းထားတဲ့ဥပဒေအရ အရေးယူလိုက်နိုင်တယ်။ ဥပမာ ကွန်ပျူတာထဲက အချက်အလက်တွေပျက်စီးအောင် ကွန်ပျူတာကိုပါ မီးရှို့လိုက်မယ်ဆိုရင် ဒီလူကို သာမန်ဥပဒေအရ ချက်ချင်း ဖမ်းဆီးထားလို့ ရပါတယ်။ ကွန်ပျူတာနဲ့ပက်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အမှုတွေအားလုံးဟာတော့ ဥပဒေထဲမှာမပြဋ္ဌာန်းထားဘူး။ ဆိုကြပါဆို့ လူတစ်ယောက်ဟာ ခွင့်ပြုချက်မရပဲ ကွန်ပျူတာထိန်းချုပ်ခန်းထဲ ၀င်ရောက်ပြီး BACK-UP လုပ်ထားတဲ့ တိတ်ခွေတွေ ၀င်ခိုးသွားတယ်ဆိုရင် ဒီလူကို ဖောက်ထွင်းဝင်ရောက်မှုနဲ့ တရားစွဲလို့ ရကောင်းရလိမ့်မယ်။ ဒါပေမယ့် သူသုံးစွဲပိုင်ခွင့်ရှိတဲ့ ကွန်ပျူတာကိုသုံးပြီး သုံးစွဲခွင့်မရှိတဲ့ ကွန်ပျူတာစနစ်တစ်ခုထဲ ဖောက်ထွင်းဝင်ရောက်တာကို ဥပဒေက သက်ရောက်စေနိုင်စွမ်းရှိရဲ့လား? ပြီးတော့ လူတစ်ယောက်က အရေးကြီးအချက်အလက်တွေပါတဲ့ ဖိုင်တစ်ဖိုင်ကို ခိုးကူးသွားတဲ့ကိစ္စမှာ သင်ဘယ်လို သုံးသပ်မှာလဲ? သဘောက သင့်ကားကို လူတစ်ယောက်က ခိုးသွားတယ်ဆိုပါစို့။ ဒါဆိုရင် သင့်ဆီမှာ ကားမရှိတော့ဘူးပေါ့။ အကယ်၍ မူလစာရွက်စာတမ်း (ORIGINAL FILES) တွေက ဒီအတိုင်း သင့်ကွန်ပျူတာမှာ ကျန်ရှိနေသေးတယ်ဆိုရင် ဒါဟာ အမှန်တကယ် ခိုးမှုမြောက်ပါရဲ့လား?
အခုတော့ နိုင်ငံအတော်များများမှာ ကွန်ပျူတာရာဇ၀တ်မှု ဥပဒေတွေ ပြဋ္ဌာန်းထားပါပြီ။ ဒီဥပဒေတွေအရ SOFTWARE တွေနဲ့ အချက်အလက်တွေကို ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှုတွေအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒီဥပဒေမှာ ကွန်ပျူတာအချက်အလက်တွေကို ခွင့်ပြုချက်မရှိပဲ ၀င်ရောက်သုံးစွဲခြင်း၊ ပြုပြင်ပြောင်းလဲပစ်ခြင်း ၊ သုံးမရအောင်ပြုလုပ်ခြင်းများကို ရာဇ၀တ်မှုအနေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
၁၉၉၅ အစောပိုင်းကာလတုန်းက ကွန်ယက်စုံထောက် TSUTOMU SHIMOMURA ဟာ KEVIN MITNICK အမည်ရတဲ့ HACKER တစ်ယောက်ကို ခြေရာခံမိခဲ့တယ်။ သူက ကုမ္ပဏီအဖွဲ့အစည်းတွေ ၊ တက္ကသိုလ်တွေ ၊ အစိုးရပိုင်တွေနဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေ တော်တော်များများကို ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ MITNICK ဟာ အဖမ်းမခံရသေးခင်အတွင်း ထောင်ချီတဲ့ အချက်အလက်ဖိုင်တွေအပြင် CREDIT CARD နံပါတ်ပေါင်း ၂၀၀၀၀ ကျော်ကို ခိုးယူခဲ့ပါတယ်။ "ဒီကောင်ဟာ ကမ္ဘာကြီးအတွက် ဖမ်းကိုဖမ်းရမယ့် HACKER ဖြစ်တယ်ဆိုတာ အထင်အရှားပဲ" လို့ US ပြောရေးဆိုခွင့်ရှိသူ KENT WALKER က ရှင်းပြခဲ့ပါတယ်။ ဒီ MITNICK ရဲ့ လုပ်ရပ်တွေဟာ ကွန်ပျူတာဆိုင်ရာ အက်ဥပဒေတွေ အတိအလင်း ဖြစ်ပေါ်သတ်မှတ်လာရခြင်းရဲ့ အကြောင်းအရင်း ဖြစ်လာပါတော့တယ်။
အားလုံးမဟုတ်ပေမယ့် သူ့အပေါ် စွဲချက်တင်ထားတဲ့ အချက်တော်တော်များများကို MITNICK က ငြင်းဆိုခဲ့ပါတယ်။ " မဟုတ်တာပဲ! မြောက်အမေရိက အာကာသစစ်ဆင်ရေးဌာန (NORAD)လို နေရာမျိုးကို ကျွန်တော်ဘယ်လိုချိုးဖောက်မလဲ? ဒါဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြီးတော့ အစိုးရနဲ့ ပက်သက်ဆက်နွယ်နေတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေကို ဘယ်တုန်းကမှ ဆက်သွယ်ကြည့်ဖို့ ကျွန်တော်မကြိုးစားခဲ့ပါဘူး" လို့ MITNICK က ထုခြေတင်ပြခဲ့ပါတယ်။
ဘာပဲပြောပြော နောက်ဆုံးမှာတော့ MITNICK ဟာ ထောင်ဒဏ် ၄၆လတိတိ ကျခံပြီး ခွင့်ပြုချက်နဲ့ သွားလာခွင့်ရမယ့် သုံးနှစ်တာကာလအတွင်း ၄၁၂၅ ဒေါ်လာတိတိ ပြန်လည်ပေးဆပ်ဖို့ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ တကယ်တော့ သူ့ကိုစွဲချက်တင်ထားတာက ကြောက်စရာကောင်းလောက်အောင် ဒေါ်လာ ၁.၅မီလီယံ တောင်ရှိနေတာမို့ ဒီပြစ်ဒဏ်က အများကြီးသက်ညှာထားတာကို တွေ့ ရမှာပါ။
တရားသူကြီး MARIANNE PFAELZER ချမှတ်အပြစ်ဒဏ်ပေးခဲ့တဲ့ ဒီ၄၆လ ပြစ်ဒဏ်အကြောင်းကို သတင်းထောက်ADAM L. PENENBERG ကသတင်းတစ်ပုဒ်အဖြစ်ရေးသားခဲ့ပါတယ်။ " ဒီနိုင်ငံရဲ့ ဥပဒေအရ ကြိုတင်ကြံစည်ခြင်းမရှိပဲ ဖြစ်ပွားတဲ့ လူသတ်မှုတွေကို ပျမ်းမျှအားဖြင့် ထောင်ဒဏ်၃နှစ် ချလေ့ရှိပါတယ်။ MITNICK ရဲ့ ပြစ်မှုတွေဟာ စူးစမ်းလေ့လာချင်စိတ်အရ ဖြစ်ပွားခဲ့တာတွေသာဖြစ်ပြီး ဘယ်သူ့ကိုမှ ထိခိုက်စေခဲ့ခြင်း မရှိခဲ့ပါဘူး။ သူဟာ အဖွဲ့အစည်းတွေရဲ့ ကွန်ပျူတာစနစ်တွေထဲ ဖောက်ထွင်းဝင်ရောက်ခဲ့တာမှန်ပေမယ့် အချက်အလက်တွေကို ဖျက်ဆီးခဲ့ကြောင်း မတွေ့ခဲ့ရပါဘူး။ ပြီးတော့ သူကူးယူသွားခဲ့တဲ့ အရာတွေကိုလည်း ပြန်လည်ရောင်းချခြင်း မပြုခဲ့ပါဘူး။ သူဟာ SOFTWARE တွေကို ခိုးယူခဲ့တာတော့မှန်ပါတယ်။ ဒါပေမယ့် ပိုင်ရှင်လက်ထဲမှာလည်း ပြန်ထားခဲ့ပါတယ်။ ဒီနည်းပညာကမ္ဘာကြီးက သိပ်ထူးခြားတယ်။ ခင်ဗျားအနေနဲ့ တစ်ခုခုကို ယူသွားနိုင်တယ်၊ တဆက်တည်းမှာပဲ မူလပိုင်ရှင်ဆီမှာလည်း ထားခဲ့နိုင်တယ်လေ။ ခိုးမှုဥပဒေတွေက ငွေကြေးနဲ့ စက်တပ်ယာဉ်တွေအတွက် ရေးဆွဲခဲ့ပေမယ့် HACKER တစ်ယောက်အပေါ်မှာတော့ သက်ရောက်စေနိုင်စွမ်းမရှိပါဘူး။
ကံဆိုးချင်တော့ MITNICK အတွက် အသက်ညှာဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်နဲ့ ဒဏ်ငွေနှစ်မျိုးစလုံး ခံရဖို့ ဖြစ်လာပါတယ်။ ပြစ်ဒဏ်မချမှတ်မီကာလအတွင်း MITNICK ဟာ ထောင်ကအလုပ်တွေ အများကြီး လုပ်ပေးခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ပြီး သိပ်မကြာခင်မှာ ခွင့်ပြုမိန့်နဲ့ ကာလတစ်ခုအထိ လွှတ်ထားပေးခဲ့ပါတယ်။ ဒီလို ခွင့်ပြုထားတဲ့နေရာမှာ ဘယ်ကွန်ပျူတာ HARDWARE ၊SOFTWARE တွေကိုမှ မသုံးဖို့ ၊ ဘယ်ကြိုးမဲ့ကွန်ယက်ကိုမှ မသုံးဖို့ ကန့်သတ်ချက်တွေ ပါဝင်နေပါတယ်။ သူ့ကို PASSWORD များ ၊ PHONE CODE များ ၊ ENCRYPT လုပ်ထားတဲ့ DEVICE များနဲ့ မပတ်သက်ဖို့လည်း တားမြစ်ထားပါသေးတယ်။ ဒီကာလအတွင်း နည်းပညာတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဘာပြဿနာတွေမှ မလုပ်နိုင်တော့ဘူးဆိုတာ သေချာသွားအောင် ဖြစ်ပါတယ်။ ပြစ်ဒဏ်အရ နောင်ပေါ်လာမယ့် နည်းပညာအသစ်တွေ ၊ ကွန်ပျူတာလိုစွမ်းဆောင်နိုင်စွမ်းရှိတာတွေ ၊အခြားနေရာတွေကို ချိတ်ဆက်နိုင်စွမ်းရှိတာတွေ အားလုံးကို သူသုံးစွဲခွင့်မရှိတော့ပါဘူး။ အဆိုးတကာ့အဆိုးဆုံးကတော့ ကွန်ပျူတာရှိတဲ့ ဘယ်ကုမ္ပဏီမှာမှ အလုပ်သမားဝန်ထမ်းအဖြစ် အလုပ်လုပ်ခွင့်မရှိတော့တာပါပဲ။
ဒီ MITNICK ရဲ့ဖြစ်ရပ်ဟာ ဒီနေ့ ခေတ်ဓလေ့တွေအရ HACKER တွေအပေါ် ကျွန်တော်တို့ အကောင်းမြင်နိုင်သလို အဆိုးလည်းမြင်နိုင်ကြောင်း ဖော်ပြနေပါတယ်။
တဖက်မှာတော့ သူတို့ကို ကြောက်စရာကောင်းတဲ့ ကွန်ယက်အကြမ်းဖက်သမားတွေအဖြစ် မြင်နိုင်ပါတယ်။ ဒီရှုထောင့်ကကြည့်ရင် HACKER တွေဟာ ပြစ်မှုကျူးလွန်သူတွေ ဖြစ်ပါတယ်။ သူတို့ကို လိုက်လံဖမ်းဆီးဖို့ လိုတယ်၊ ထိခိုက်ပျက်ဆီး နစ်နာမှုတွေအတွက် သူတို့ပြန်လည်ပေးဆပ်စေရမယ်။ ပြီးတော့ အကြီးအကျယ်နစ်နာဆုံးရှုံးမှုတွေကို သူတို့မဖန်တီးခင် တားဆီးရမှာပါ။ ( သူတို့ကို HACKER လို့မခေါ်ပဲ CRACKER လို့ခေါ်မှသာ ပိုမှန်ပါမယ် )
အခြားရှုထောင့်က ကြည့်မယ်ဆိုရင်တော့ HACKER တွေကို ရှုပ်ထွေး၊ကျယ်ပြောလှတဲ့ CYBER ကွန်ယက်တွေ ၊ စက်တွေထဲက ခင်စရာကောင်းတဲ့ ၀ိညာဉ်လေး CASPER အနေနဲ့ တွေ့ရမှာပါ။ သူက အကြီးအကျယ် ဒုက္ခမပေးပဲ VIRUS လို SOFTWARE ပိုးတွေ ၊ HARDWARE စစ်ဆင်ရေးတွေနဲ့အတူ ကွန်ပျူတာလောကကြီးကို ကျီစယ်ခြောက်လှန့်နေမှာပါ။ ဒီရှုထောင့်ကကြည့်ရင် HACKER တစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေက အခြားသူတွေအတွက် လေ့လာစရာ သင်ခန်းစာတွေ ပိုတိုးလာစေပါတယ်။ ကွန်ပျူတာ ကာကွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့ အဓိကကူညီသူတွေက သူတို့ပဲဖြစ်ပါတယ်။ ဒါမျိုးတွေကိုလူတိုင်းလုပ်ဖူးကြပါတယ် ( HACKER တစ်ယောက်လို) ။ MICROSOFT ကိုတည်ထောင်သူ BILL GATES နဲ့ APPLE ကိုတည်ထောင်သူ STEVE JOBS တို့တောင် ပါဦးမှာပါ။
ဘယ်ရှုထောင့်ကမှန်သလဲ? သင်ရောဘယ်လိုထင်ပါသလဲ.....................?